ဦးအောင်သာ+ ဒေါ်သန်းသန်းထွေး မိသားစုတို့၏ သာသနာ့ ဒါယကာအဖြစ် ခံယူတဲ့ကုသိုလ်တော်
ဗုဒ္ဓဂယာ မြေမြတ်မဟာတွင် ရောက်ရှိပြီး ဘုရားဖူးရင်း၊ သာသနာ့အမွေခံ ကုသိုလ်ထူးများ ဆည်းပူးနေကြသည့် သည်မိသားစုက 2015 ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှု ဗုဒ္ဓသာသနိကလက်ရာဖြစ်သည့် ပုဂံရှေးဟောင်းနယ်မြေမှ စေတီအမှတ် ၁၆၆၀ ကို ရွှေထီးတော်တင်လှူ၊ စေတီအမှတ် ၆၂၇ နှင့် စေတီအမှတ် ၁၅၅၄ သယမ္ဘူ ဘုရားတို့ကိုလည်း လိုအပ်သမျှ ပြန်လည်မွမ်းမံပြီး ရွှေထီးတော်တင်လှူခဲ့သေးသည် ဆိုပါသည်။ စေတီတော်ကို တရားဝင် ပြုပြင်နိုင်ရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ချပေးခဲ့သလို ထီးတော်တင်ပွဲတွင်လည်း နိုင်ငံတော်မှ လူကြီးများ တက်ရောက်အားပေးခဲ့သည်။ မြိုင်ဆိုင်စည်ကားသော ထိုပွဲတော်ကို ဘုရားဒါယကာတို့ နွဲခဲ့သည့် သောမနဿဇောအလီလီတို့ရဲ့ အဟုန်က ဗုဒ္ဓဂယာ မြေမြတ်မဟာတိုင် လာဖြစ်ဖို့ ၊ အခုလိုသာသနာ့အမွေခံထိုက်ဖို့တွန်းပေးလိုက်သည်ဟုပင် ပြောနိုင်ပါလိမ့်မည်။
- မိသားစု ၃၀-၃-၂၀၁၆ နေ့၊ ဗုဒ္ဓဂယာသို့ ရောက်ရှိပြီး မဟာဗောဓိပရဟိတကျောင်းတွင် တည်းခိုသည်။
- ရောက်ရောက်ချင်း မဟာဗောဓိ ဘုရားကျောင်းတော်တည်ရှိရာ မြေမြတ်မဟာ ဘုရားပွင့်တော်မူရာ နေရာတော်မြတ်နှင့် ပတ်ဝန်းကျင်လှည့်လည်ဖူးမြော်သည်။
- ၃၁-၃-၂၀၁၆ နေ့တွင် မဟာဗောဓိပင် ခြေတော်ရင်းတွင် သားငယ် မောင်အောင်သန်းကျော်ကို ကိုရင်ဝတ်၍၄င်း၊ သားကြီး ဒေါက်တာ အောင်သန်းဦးကို ရဟန်းဝတ်ပေး၍၄င်း၊ ဖခင် ဦးအောင်သာ ကိုယ်တိုင် ဒုလ္လဘ ရဟန်းအဖြစ်ခံယူ၍၄င်း သာသနာ့အမွေ ခံယူကြသည်။
- ဆွမ်းကွမ်း ဝေယျာဝစ္စ တစ်ထပ်စာ (တနေ့တာ) တာဝန်ယူလှူဒါန်းပြီး၊ ကျောင်းတိုက်ထဲ၌ ၂၀၁၅ ခုနှစ်ကတည်းက ဒေါ်လာ ၇၀၀၀ ဖြင့် လှူဒါန်းထားပြီးသော ဆောက်လုပ်ဆဲ ဗောဓိရုက္ခမူလ (၅) ထပ်ကျောင်းဆောင်အခန်းတခန်းကိုလည်း တပါတည်းရေစက်ချပြီး သာသာရှေးရေးအတွက် အခြေစိုက် လှူဒါန်းသည်။
အရပ်ရပ်သော အလှူအဒါန်းများကို သာသနာနှင့် ဘာသာရှေးရေးပဓာနထားလျှက်၊ လက်ရှိ တမလွန် ဘ၀နှစ်တန်မမှန်းပဲ ဗောဓိဥာဏ်အထောက်ကူပြုရေးအလို့ငှါ အထပ်ထပ် များစွာ ပြုခဲ့ပြီး၊ ပြုလုပ်ကြဆဲပင်ဖြစ်ပါသည်။ သို့တိုင် ယနေ့ယခုလို သာသနာ့ဘောင်တွင် သားငယ်ကို ကိုရင်ဝတ်၊ သားကြီးကို ရဟန်းဝတ် ၊ မိမိကိုယ်တိုင်လည်း ရဟန်းဝတ်ဖြစ်သော ကုသိုလ်ကို ပြုခြင်းသည်သာ စင်စစ် သာသနာ့အမွေခံကုသိုလ်ထူးဖြစ်ပါသေးသည်။
သူတို့နည်းတူ သူတို့နှင့် အတူပါလာသော မကြည်ကြည်သိန်း (လွိုင်လင်းမြို့၊ ရှမ်းပြည်တောင်ပိုင်း) က ဦးသီရိ ကိုလည်းကောင်း၊ ဒေါ်နုနုလွင်နှင့် ဒေါ်ဌေးဝင်းကြည်တို့က ရှင်သောမကိုလည်းကောင်း သာသနနုဂ္ဂဟ အလှူကိုလည်း ဤဗောဓိပင်အောက်၌ပင် ပြုလုပ်ကြသည်။
ဤအကြောင်းအချက်များသည် သမိုင်းတွင်ရစ်ခဲ့သော အထင်ကရဖြစ်ရပ်တခုနှင့် ဆက်စပ်မိပြီး၊ ယင်းကို အကြောင်းပြုနေပါသည်။ စကားဆက်အနေဖြင့် ထိုဖြစ်စဉ်ကို ဖော်ပြပါရစေ။
တစ်ချိန်က သာသနာပြုမင်း အင်ပါယာဘုရင်ကြီး အသောကသည် အသဒိသ အလှူအဖြစ် ရေတွင်းရေကန်၊ စေတီပုထိုး၊ ကျောင်းကန်ဇရပ် အသီးသီးတို့ကို တည်ထား လှူဒါန်းခဲ့သည်။ မဟာဗောဓိစေတီတော်ကြီးသည်ပင် ထိုအလှူထဲမှ တစ်ခုဖြစ်ပါသည်။ အရေအတွက်အားဖြင့် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို မှန်း၍ အရပ်ရပ် စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းကန်ပေါင်း ရှစ်သောင်းလေးထောင် ..စသည်ဖြင့် ဖြစ်ကြသည်။ သို့တိုင် တတိယသင်္ဂါယနာ တင်ပွဲတော်အပြီးတွင် သံဃာတော်များအား ဤမျှသော အလှူဖြင့် တပည့် သာသနာ့အမွေ ခံထိုက်ပြီးလောဟု မေးလျှောက်သည်တွင် သံဃထေရ်ကြီးက မခံထိုက်သေးကြောင်း၊ သားတော်၊ သမီးတော်တို့အား သာသနာ့ဘောင်တွင် သွတ်သွင်း၍ ရှင်ရဟန်းအဖြစ်ခံယူစေပြီးမှသာ သာသနာတော်နှင့် ဆွေမျိုးတော်စပ်၍၊ သာသနာအမွေခံထိုက်သည်ဟု မိန့်တော်မူသဖြင့် သားတော်ကြီး မဟိန္ဒနှင့် သမီးတော် သံဃမိတြာတို့အား ဘိက္ခု၊ ဘိက္ခုနီခံယူစေသည်။ သားတော်ကြီးက ယနေ့မြင်တွေနေရသော သိရီလင်္ကာသာသနာကို မျိုးစေ့ချပေးခဲ့သလို၊ သမီးတော်ကြီးက အနုရာဓပူရရှိ မဟာဗောဓိပင်ကြီးကို သယ်ဆောင်စိုက်ပျိုး၍ သိရီလင်္ကာ ဘိက္ခုနီသာသနာကို တည်ခဲ့ကြသည်။
